အရိုးမကျိုးခင် ကြိုတင် ကာကွယ်ရမယ့် အချက် (၅) ချက်
အရိုးဆိုတာ ခန္ဓာကိုယ်ကြီးအတွက် ထောက်တိုင် တစ်ခု လိုပါပဲ။ ထောက်တိုင်ဖြစ်တဲ့ အရိုးတွေ ကျိုးသွားတဲ့အခါ လူနေမှု့ဘဝပေါ် သက်ရောက်မှုတွေ အများကြီး ရှိနိုင်ပါတယ်။
အရိုးကျိုးမှ ကုသတာထက် အရိုးမကျိုးခင် အချိန်မှီ ကာကွယ်နိုင်ဖို့ အရေးကြီးတာကြောင့် အရိုးကျန်းမာပြီး အရိုးကျိုးခြင်း ကင်းဝေးနိုင်ဖို့ ကာကွယ်ရမယ့် အချက် (၅) ချက်ကို မျှဝေပေးလိုက်ရပါတယ်။
၁။ အာဟာရ ပြည့်ဝအောင် စားပေးပါ။
အရိုးတွေ ကျန်းမာသန်စွမ်းနေဖို့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရိုးကို အားဖြည့်ပေးတဲ့ ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ ၊ ပရိုတင်း စတဲ့ သတ္တုဓာတ်တွေကို ပုံမှန်စားပေးသင့်ပါတယ်။
၂။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။
လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက အရိုးတွေကို သန်မာစေတဲ့အပြင် အရိုးကို ထိန်းပေးထားတဲ့ ဘေးနားက ကြွက်သားတွေကိုပါ သန်မာစေတာကြောင့် အလွယ်တကူ ချော်လဲတာတွေ၊ အရိုးပျက်စီးမှုတွေကို ကာကွယ်နိုင်ပါတယ်။
၃။ အရိုးကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ပါ။
အရိုးကို အသုံးပြုပြီး အလုပ်တွေ အလွန်အကျွံလုပ်တာ၊ သက်တောင့်သက်သာ မဖြစ်တဲ့ ဖိနပ်တွေ ၊ ချော်လွယ်တဲ့ ပတ်ဝန်းကျင်တွေကြောင့်လည်း အရိုးကျိုးတာ ဖြစ်နိုင်တဲ့အတွက် ပတ်ဝန်းကျင် သန့်ရှင်းဖို့၊ သက်တောင့်သက်တောင် ဖြစ်အောင် နေထိုင်ခြင်းဖြင့် အရိုးကျိုးတာကို ကာကွယ်နိုင်ပါတယ်။
၄။ အရိုးပွ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။
အရိုးပွ ရောဂါ ရှိနေမယ် ဆိုရင် အလွယ်တကူ အရိုးကျိုးနိုင်တာကြောင့် အရင်က အရိုးကျိုးခဲ့ဖူးသူတွေ၊ မျိုးရိုးရှိသူတွေ၊ အသက်ကြီးတဲ့ သူတွေ၊ သွေးဆုံးပြီး အမျိုးသမီးတွေ အနေနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။
၅။ ဆေးဝါးတွေကို လိုမှ သုံးစွဲပေးပါ။
သွေးတိုးကျဆေးတွေ၊ စိတ်ဓာတ်ကျတဲ့နေရာမှာ အသုံးပြုရတဲ့ ဆေးဝါးတွေ၊ အတက်ကျဆေးတွေ၊ စတီးရွိုက် စတဲ့ ဆေးဝါးတွေက အရိုးပွရောဂါ ဖြစ်စေတာကြောင့် ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှသာ သုံးစွဲသင့်ပါတယ် ဆိုတဲ့ အကြောင်း ကျန်းမာရေး ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါး ကျွမ်းကျင်)